top of page
Writer's pictureMyanmar Mission To UN

Participation of Myanmar Delegation to the Closing of the 78th UNGA and the Opening of the 79th UNGA


Participation of Myanmar delegation led by Ambassador Kyaw Moe Tun, Permanent Representative of Myanmar to the United Nations, to the closing of the 78th Session of the UN General Assembly and the opening of the 79th Session of the UN General Assembly, held on 10 September 2024


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ယနေ့စတင်ကျင်းပပြုလုပ်သည့် (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးသို့

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိ


(နယူးယောက်မြို့၊ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်)


၁။       နယူးယောက်မြို့၊ ကုသမဂ္ဂဌာနချုပ်၊ ကုလသမဂ္ဂ အထွေထွညီလာခံတွင် (၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွညီလာခံ (78th Session of the United Nations General Assembly – 78th UNGA) ပိတ်ပွဲအခမ်းအနားအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက် (အင်္ဂါနေ့)၊ နံနက် (၁၀၀၀) နာရီ အချိန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (79th Session of the United Nations General Assembly – 79th UNGA) ၏ ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေးနှင့် ဖွင့်ပွဲအခမ်းအနားကို ယင်းနေ့မွန်းလွဲပိုင်း (၁၅၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါ သည်။ အဆိုပါအစည်းအဝေးများသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။


၂။       (၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွညီလာခံ ပိတ်ပွဲအခမ်းအနား ကျင်းပရာတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် H.E. Mr. António Guterres က (၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွညီလာခံ ၏ သဘာပတိဖြစ်သူ H.E. Mr. Dennis Francis မှ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း “ငြိမ်းချမ်းရေး၊ သာယာဝပြောရေး၊ တိုးတက်ရေးနှင့် ရေရှည်တည်တံခိုင်မြဲရေး” မျှော်မှန်းချက်အောက်မှ စွမ်းဆောင်ခဲ့မှု များကို အသိအမှတ်ပြုပြောကြားခဲ့ပါသည်။ H.E. Mr. Dennis Francis ကလည်း ဤရာထူးနေရာအား တာဝန်ယူဆောင်ရွက်ခဲ့သည့် တစ်နှစ်တာကာလအတွင်း စိုက်ထူနိုင်ခဲ့သည့် မှတ်ကျောက်ပန်းတိုင်များ၊ ဤရာထူးအား ထမ်းဆောင်ခွင့်ရသည့်အပေါ် ဝမ်းမြောက်မှုနှင့် ၎င်းအား အဖက်ဖက်မှ ပံ့ပိုးကူညီခဲ့ကြ သူများအား ဂုဏ်ပြုကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ထို့နောက် (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွညီလာခံအတွက် သဘာပတိအဖြစ် တာဝန်ထမ်းဆောင်ရန် ရွေးချယ်ခံထားရသည့် President-elect ဖြစ်သူ ကင်မရွန်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း H.E. Mr. Philemon Yang က ကုလသမဂ္ဂကျင့်ထုံးနှင့် အညီ ကျမ်းသစ္စာကျိန်ဆိုကာ H.E. Mr. Dennis Francis ထံမှ Gavel အား လွှဲပြောင်းလက်ခံခဲ့ပါသည်။


၃။       မွန်းလွဲပိုင်းတွင် (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ရာ၌ H.E. Mr. Philemon Yang က ကုလသမဂ္ဂ အထွေထွေညီလာခံ၏ စည်းမျဉ်း (၆၂) အရ (၁) မိနစ် ငြိမ်သက်ခြင်း အစီအစဉ်ဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် H.E. Mr. Philemon Yang ကလည်း ၎င်းအနေဖြင့် (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ကာလအတွင်း၌ “Principles of Unity and Diversity” ဟူသော မျှော်မှန်းချက်ကို အခြေခံအုတ်မြစ်ချကာ အားလုံး၏ အသံကို ကြားသိစေရန် သာမက တန်းဖိုးထားစေရေး  ဆောင်ရွက်သွားမည်ဟုလည်းကောင်း၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားဂုဏ်သိက္ခာ၊ ကျားမတန်းတူညီမျှမှု၊ ရေရှည်ဖွံ့ဖြိုးတိုးတက်သော စီးပွားရေး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ယုံကြည်မှုတည်ဆောက်ရေး၊ ဖြစ်ပွားနေသော ပဋိပက္ခများ ချုပ်ငြိမ်းစေရန် ကုလသမဂ္ဂမျက်နှာစာတွင် တိုးမြှင့်ဆောင်ရွက်ရေး၊ လူ့အခွင့်အရေး၊ အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် တရားရေးရာမူဘောင်များ ခိုင်မာစေရေး စသည်တို့ကို ဦးစားပေးဆောင်ရွက်မည်ဟု အလေးထား ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် H.E. Mr. António Guterres က H.E. Mr. Philemon Yang အနေဖြင့် ၎င်း၏ အတွေ့အကြုံကြွယ်ဝမှုဖြင့် ဤရာထူးအား စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်မည်ဟု ယုံကြည်ကြောင်းနှင့် ၎င်းအနေဖြင့်လည်း အပြည့်အဝ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ပါသည်။


၄။       ထို့နောက် အဖွဲ့ဝင် (၉) နိုင်ငံ ပါရှိရမည့် Credentials Committee အား အင်တီဂွာနှင့် ဘာဘူဒါ၊ ကာဘိုဗာဒီ၊ တရုတ်၊ ဒိုမီနီကာ၊ လာအို၊ လိုင်ဘီးရီးယား၊ မိုနာကို၊ ရုရှားနှင့် အမေရိကန်ပြည်ထောင်စု တို့ဖြင့် ဖွဲ့စည်းခန့်အပ်ခဲ့ပါသည်။


၅။       (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ခုံနေရာချထားမှုနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက် A/RES/71/323 ပါ စာပိုဒ် (၄၂) နှင့်အညီ မဲနှိုက်၍ ရရှိလာသည့် ရလဒ်အရ ယီမင်နိုင်ငံဖြင့်စတင်၍ နိုင်ငံများအား အင်္ဂလိပ် အက္ခရာစဉ်အလိုက် နေရာချထားပါကြောင်း ဖော်ပြအပ်ပါသည်။

 

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Comments


bottom of page