top of page
  • Facebook Social Icon

News Release on ICJ Judge Elections at UNGA and UNSC

Writer: Myanmar Mission To UNMyanmar Mission To UN


News release on ICJ judge elections at UN General Assembly and UN Security Council, held on 9 November 2023


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


(၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ မျက်နှာစုံညီအစည်းအဝေးတွင်

အပြည်ပြည်ဆိုင်ရာတရားရုံး၊ တရားသူကြီးနေရာများအတွက် ရွေးကောက်ပွဲကျင်းပပြုလုပ်ရာ၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပါဝင်မဲပေးခဲ့ခြင်း


(နယူးယောက်မြို့၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်)


၁။ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice – ICJ) တွင် လက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသော တရားသူကြီး (၁၅) ဦးအနက် အမေရိကန်ပြည်ထောင်စုမှ Judge Joan E. Donoghue၊ သြစတြေးလျနိုင်ငံမှ Judge Hilary Charlesworth၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Judge Kirill Gevorgian၊ မော်ရိုကိုနိုင်ငံမှ Judge Mohamed Bennouna နှင့် ဂျမေကာနိုင်ငံမှ Judge Patrick Lipton Robinson တို့ (၅) ဦးသည် ၅-၂-၂၀၂၄ ရက်နေ့တွင် ၎င်းတို့၏ ရာထူးသက်တမ်းများ ကုန်ဆုံးမည်ဖြစ်သောကြောင့် ၉-၁၁-၂၀၂၃ ရက်နေ့တွင် ပြုလုပ်သည့် (၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ (၃၁) ကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးတွင် အဆိုပါတရားရုံး၌ လစ်လပ်ရန်ရှိသော တရားသူကြီးနေရာများအတွက် ရွေးကောက်ပွဲ ကျင်းပခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ ပါဝင်၍ မဲပေးရွေးချယ်ခဲ့ပါသည်။


၂။ အပြည်ပြည်ဆိုင်ရာတရားရုံး၌ လစ်လပ်မည့် တရားသူကြီး (၅) နေရာအတွက် ဇမ်ဘီယာနိုင်ငံမှ ပါမောက္ခ Chaloka Beyani၊ အီဂျစ်နိုင်ငံမှ H.E. Mr. Ahmed Amin Fathalla၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှ တရားသူကြီး Antoine Kesia-Mbe Mindua၊ တောင်အာဖရိကနိုင်ငံမှ ပါမောက္ခ Dire Tladi၊ ရိုမေးနီးယားနိုင်ငံမှ ပါမောက္ခ Bogdan-Lucian Aurescu၊ မက္ကဆီကိုနိုင်ငံမှ H.E. Mr. Juan Manuel Gómez Robledo Verduzco၊ အမေရိကန်ပြည်ထောင်စုမှ ပါမောက္ခ Sarah Hull Cleveland တို့က အသစ်ပါဝင်၍လည်းကောင်း၊ သြစတြေးလျနိုင်ငံမှ တရားသူကြီး Hilary Charlesworth နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ တရားသူကြီး Kirill Gevorgian၊ တို့က ပြန်လည်ရွေးကောက်ခံ၍ လည်းကောင်း အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။


၃။ အဆိုပါ ရွေးကောက်ပွဲအား အပြည်ပြည်ဆိုင်ရာတရားရုံးဥပဒေ (Statute of the Court)၊ ကုလသမဂ္ဂအထွေထွေညီလာခံ လုပ်ထုံးလုပ်နည်းနှင့် လုံခြုံရေးကောင်စီ ပြဋ္ဌာန်း လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆောင်ရွက်ခဲ့ပြီး လစ်လပ်တရားသူကြီး (၅) နေရာအတွက် အထွေထွေညီလာခံ (General Assembly) နှင့် လုံခြုံရေးကောင်စီ (Security Council) တို့မှ သီးခြားစီ တပြိုင်နက် ရွေးချယ်တင်မြှောက် ခြင်းဖြစ်ပါသည်။


၄။ အဆိုပါပြဋ္ဌာန်းချက်များအပေါ်အခြေခံ၍ အထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီ နှစ်နေရာ လုံးတွင် ထောက်ခံမဲရရှိမှုတူညီ၍ Absolute Majority ရရှိသည့် မက္ကဆီကိုနိုင်ငံ၊ အမေရိကန် ပြည်ထောင်စု၊ ရိုမေးနီးယားနိုင်ငံ၊ သြစတြေးလျနိုင်ငံနှင့် တောင်အာဖရိကနိုင်ငံတို့မှ ကိုယ်စားလှယ် လောင်း (၅) ဦးကို ရွေးချယ်အတည်ပြုခန့်အပ်ခဲ့ပါသည်။ ရွေးကောက်တင်မြှောက်ခံရသူများအနေဖြင့် ၆-၂-၂၀၂၄ ရက်နေ့မှစ၍ (၉) နှစ်သက်တမ်းဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံးတွင် တရားသူကြီးများအဖြစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပါသည်။



၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့








Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

Official website of the Permanent Mission of the Republic of the Union of Myanmar to the United Nations.

bottom of page